ရက်စွဲ – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်။
၁။ ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့တွင် ပအိုဝ်းအမျိုးသမီးသမဂ္ဂ တည်ထောင်ခြင်း (၂၇)နှစ်ပြည့်ခဲ့ပြီး ဖြစ်သည့်အတွက် ပအိုဝ်းအမျိုးသမီးသမဂ္ဂကို ဦးဆောင်မှုပြုခဲ့ကြသည့် ပအိုဝ်းအမျိုးသမီး ခေါင်းဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များအားလုံးကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့မှ လေးစားဂုဏ်ပြုသောအားဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
၂။ ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ ပအိုဝ်းအမျိုးသမီးများ၏ အခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု ရရှိရေးအပြင် ပအိုဝ်းအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတို့ကို အစဥ်တစိုက် ကြိုးပမ်းအားထုတ်မှုအပေါ် လေးစားဂုဏ်ယူရပါသည်။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၏ ကြိုးပမ်းလုပ်ဆောင်ချက်များမှ ပအိုဝ်းအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှတဆင့် ပအိုဝ်းအမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်စေရေးနှင့် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးသည် ငြိမ်းချမ်းသော လူ့ဘောင်အသိုင်းအဝန်း ဖော်ဆောင်ရာတွင် အရေးပါသော လှုပ်ရှားဆောင်ရွက်မှုပင်ဖြစ်သည်။
၃။ ပအိုဝ်းအမျိုးသမီးများသည် ခေတ်အဆက်ဆက် အာဏာရှင်စစ်အုပ်စုများ၏ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများကို ခါးသီးစွာ ရင်ဆိုင်လာခဲ့ရပြီး အသက်နဲ့ အနာဂတ်ပေးဆပ်နေကြရသည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။
၄။ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့အနေဖြင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂနှင့်အတူ ပအိုဝ်းအမျိုးသားရေး၊ ပအိုဝ်းလူငယ်နှင့် အမျိုးသမီးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းအားထုတ်မှုများတွင် အတူတကွပူးပေါင်းဆောင်ရွက်မှုအပေါ် တန်ဖိုးထားဂုဏ်ယူပါသည်။
၅။ ထို့ကြောင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ၏ (၂၇) နှစ်တာ ဖြတ်သန်းမှုနှင့် ကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ပြုရင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေးနှင့် တရားမျှတမှုရရှိရေးအတွက် ဆက်လက်ကြိုးပမ်းနိုင်ပါစေကြောင်း ဤသဝဏ်လွှာမှ တဆင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ (DEMO)



