လက်ရှိ မြန်မာလူထုကြားထဲမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ခဏ ခဏ ကြားနေကြရမှာပါ။
ဖက်ဒရယ်ဆိုတာ ဘာလဲ။ ဖက်ဒရယ်ဆိုတာ ဘယ်လိုလဲ။
ကမ္ဘာ့လူဦးရေရဲ့ (၄၀) % နီးပါးလောက်ဟာ — ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ကောင်းစွာ ဖြစ်ထွန်းတဲ့ ကနေဒါ နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ ဩစတေးလျတို့ဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါတယ်။ မြန်မာနိုင်ငံနဲ့ နီးကပ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံကလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ဘယ်လို နိုင်ငံမျိုးတွေဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ ရှိပါသလဲ။
နိုင်ငံ့ဧရိယာအကျယ်အဝန်း အလွန်ကြီးမားတဲ့ နိုင်ငံတွေဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် လူဦးရေ အလွန်များပြားတဲ့ နိုင်ငံတွေမှာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ရှိကြပါတယ်။ နိုင်ငံရဲ့ ဧရိယာလည်း သိပ်မကျယ်ဝန်း / နိုင်ငံတွင်းက လူဦးရေလည်း သိပ်မများပြားပေမယ့် မတူကွဲပြားတဲ့ လူမျိုးစု အရေအတွက် များပြားတဲ့ နိုင်ငံတွေမှာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ရှိကြပါတယ်။
မြန်မာနိုင်ငံဟာ ဘာ့ကြောင့် ဖက်ဒရယ် ကျင့်သုံးသင့်ပါသလဲ။
ဖက်ဒရယ်နိုင်ငံတော်တစ်ခုကို တည်ဆောက်ဖို့အတွက် ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားတွေကို သိထားသင့်ပါတယ်။
ဖက်ဒရယ်ဆိုတာ ဘာလဲ။
ဖက်ဒရယ်လို့ ပြောရင် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေးကိစ္စရပ်တွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ခွဲဝေသုံးစွဲတဲ့ နိုင်ငံရေးစနစ်တစ်ခုလို့ နားလည်နိုင်ပါတယ်။ ဒီလို အာဏာခွဲဝေမှုနဲ့ သယံဇာတခွဲဝေ သုံးစွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ခွဲဝေကြပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေ ကျင့်သုံးကြရပါတယ်။
ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနဲ့ အခွန်ဘဏ္ဍာခွဲဝေမှုတွေကို ပြဌာန်းတဲ့နေရာမှာ တန်းတူညီမျှမှု ရှိဖို့၊ တရားမျှတမှုရှိဖို့နဲ့ လွတ်လပ်မှု ရှိဖို့ ဆိုတဲ့ အခြေခံမူတွေအပေါ်မှာ အုတ်မြစ်တည်ပြီး ပြဋ္ဌာန်းကြရပါတယ်။
နိုင်ငံတွေဟာ ပြည်တွင်းက နိုင်ငံရေးပဋိပက္ခတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူမျိုးစုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ကြိုးစားကြပါတယ်။
ဖက်ဒရယ်စနစ်မှာ ဘယ်လို ဝိသေသလက္ခဏာတွေ ရှိပါသလဲ။
(၁) ဖက်ဒရယ်စနစ်တွေကို ကြည့်ရင် အစိုးရ နှစ်ရပ် ရှိတာကို တွေ့ရပါတယ်။ ပထမဆုံး တစ်ခုက — တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဗဟိုအစိုးရဖြစ်ပြီး၊ နောက်တစ်ခုကတော့ — ပြည်နယ်အစိုးရ ဖြစ်ပါတယ်။
(၂) ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု တိတိကျကျ ရှင်းရှင်းလင်းလင်း ရှိတာကို တွေ့နိုင်ပါတယ်။ အဲသည့်ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာလည်း အာဏာခွဲဝေမှုနဲ့ သယံဇာတခွဲဝေသုံးစွဲမှုတွေကို တိတိကျကျ ပိုင်းခြားသတ်မှတ်ထားကြပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဟာ ဖက်ဒရယ်အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ အတိုင်း အာဏာခွဲဝေ သုံးစွဲကြရပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ရရှိထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံထားချက် ရှိထားရပါတယ်။
ဘာ့ကြောင့် ဖက်ဒရယ်
ဖက်ဒရယ်စနစ်ကို ဘာ့ကြောင့် ကျင့်သုံးရတာလဲ။
နိုင်ငံအများအပြားမှာ ဖက်ဒရယ်စနစ် ကျင့်သုံးကြတာ ဘာ့ကြောင့် ဖြစ်တယ်လို့ သင် ထင်ပါသလဲ။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အဲသည့်ထဲက အခြေခံကျတဲ့ အချက် (၃) ချက်ကို တင်ပြချင်ပါတယ်။
နံပါတ် (၁) ။ တန်းတူညီမျှရေး အတွက်။
ဖက်ဒရယ်စနစ်လို့ ပြောရင် တန်းတူညီမျှရေးဟာ အခြေခံအချက်တစ်ခုအနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ တန်းတူညီမျှရေးမှာ — လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားမှု မရှိတဲ့ တန်းတူညီမျှရေးပါဝင်ပါတယ်။ ဒါ့အပြင် အာဏာ နဲ့ လုပ်ပိုင်ခွင့်ကို လူတစ်မျိုးတည်း / လူတစ်စုတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲနဲ့ အာဏာခွဲဝေမှု တန်းတူညီမျှခြင်းရှိတဲ့ စနစ်မျိုးဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ဘာသာရေးအားဖြင့်လည်းကောင်း၊ လူမျိုးရေးအားဖြင့်လည်းကောင်း ခွဲခြားဆက်ဆံမှု မရှိတဲ့ တန်းတူညီမျှမှုခြင်းတွေကို ရရှိနိုင်ပါတယ်။
နံပါတ် (၂)။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက်။
လူမျိုးစု အမှတ်သရုပ် မျိုးကွဲတွေ များပြားတဲ့ နိုင်ငံမျိုးမှာ — ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကောင်းမွန်စွာ ရရှိနိုင်ပါတယ်။ ပြည်နယ်အစိုးရနဲ့ လူမျိုးစုဒေသတွေဟာ ကိုယ့်ဒေသတွင်းက ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ပြည့်ဝဝရပြီး ဖြေရှင်းနိုင်ရင် ထိရောက်တဲ့ စီမံအုပ်ချုပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရရှိတဲ့အခါမှာ ပြည်နယ်တွင်း ဖွံ့ဖြိုးမှုနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါတယ်။
နံပါတ် (၃)။ အားလုံးပါဝင်မှု အတွက်။
နိုင်ငံတစ်နိုင်ငံမှာ ဖက်ဒရယ်စနစ် မဟုတ်ဘဲ ဗဟိုဦးစီးစနစ်ဖြစ်နေရင် — နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုဟာ အကန့်အသတ် ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ ဌာနေလူမျိုးတွေရဲ့ ပါဝင်လုပ်ဆောင်နိုင်မှုကို အကန့်အသတ် ဖြစ်စေပါတယ်။ နိုင်ငံတွင်းမှာ အင်အားကြီးတဲ့ အုပ်စု တစ်စုနဲ့ အရေအတွက်များတဲ့ လူမျိုးတစ်မျိုးက – နိုင်ငံ့ရဲ့ အရေးအရာအားလုံးကို လွှမ်းမိုး ခြယ်လှယ်ပြီး လက်ဝါးကြီး အုပ်ထားတာမျိုးဖြစ်နိုင်ပါတယ်။ လူမျိုးစု အငယ်တွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ပါဝင်မှုကို ကန့်သတ်တားဆီးထားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးအားလုံးရဲ့ ပါဝင်မှုကို မြှင့်တင်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ အားလုံးပါဝင်မှုကို မြှင့်တင်တဲ့အခါ လူမျိုးကြီးတစ်မျိုးတည်းက ကြီးစိုးလွှမ်းမိုးတဲ့ မဟာလူမျိုးကြီးဝါဒကို ကန့်သတ် တားဆီးပြီးသား ဖြစ်သွားပါတော့တယ်။ ဒါ့ကြောင့် လူမျိုးကြီးဝါဒ လွှမ်းမိုးမှုကို ပယ်ရှားနိုင်ဖို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြရခြင်း ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
နိုင်ငံရေးပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံတွေမှာ ဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ဖက်ဒရယ်စနစ်ဟာ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။
နိုင်ငံရေးအရ တန်းတူညီမျှမှု မရှိတဲ့အခါ နိုင်ငံရေးပဋိပက္ခတွေပေါ်ပေါက်လာလေ့ရှိပါတယ်။ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရတာတွေနဲ့ လူမျိုးကြီးဝါဒ လွှမ်းမိုးတာတွေ ရှိတဲ့ နိုင်ငံတွေမှာ လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီနိုင်ငံရေးနဲ့ လူမျိုးရေးပြဿနာတွေဟာ — လက်နက်ကိုင်ပဋိပက္ခဆီကို ဦးတည် ခေါ်ဆောင် သွားတတ်ပါတယ်။
ဒီလို နိုင်ငံရေးပြဿနာတွေ၊ လူမျိုးရေးပြဿနာတွေနဲ့ လက်နက်ကိုင်ပြဿနာတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံအတွင်း စစ်ပွဲတွေ ဖြစ်လာတတ်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးအုပ်စု အချင်းချင်း၊ လူမျိုးစု အချင်းချင်း လက်နက်ကိုင်ပြီး စစ်တိုက်တဲ့အခါ ပြည်တွင်းစစ် ဖြစ်လာပါတယ်။
ပြည်တွင်းစစ်တွေဟာ နိုင်ငံကို ဆင်းရဲမွဲတေတဲ့ ချောက်ကမ်းပါးထိ ဆွဲချသွားတတ်ကြပါတယ်။ တိုင်းပြည်ဟာ စစ်စရိတ်ကြောင့် လူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားသော ဖွံ့ဖြိုးရေး အလုပ်တွေကို ဖိဖိစီးစီး မလုပ်နိုင်ကြတော့ပါဘူး။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပြည်သူလူထုဟာ တည်ငြိမ်အေးချမ်းမှု မရှိဘဲ စားဝတ်နေရေး တဖြည်းဖြည်း ကျပ်တည်းလာကြပါတယ်။ ဒီလိုနဲ့ နိုင်ငံဟာ မငြိမ်းချမ်းဘဲ ဆင်းရဲမွဲတေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။
ဒီလို နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာနဲ့ လက်နက်ကိုင်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖက်ဒရယ်စနစ်ဟာ အဖြေတစ်ခုဖြစ်ပါသလား။
ဖက်ဒရယ်စနစ်ဟာ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။
ဖက်ဒရယ်စနစ်မှာ အာဏာခွဲဝေမှု တန်းတူညီမျှခြင်း ရှိလို့၊ နိုင်ငံရေးအရ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အာဏာတွေကို ခွဲဝေသတ်မှတ်ထားတာဖြစ်လို့ အာမခံချက်ရှိတဲ့ အာဏာခွဲဝေရေးစနစ်ကို ဖြစ်ထွန်းစေပါတယ်။
ဖက်ဒရယ်စနစ်မှာ လူမျိုးစုအမှတ်သရုပ်တွေကို အလှကိုယ်စီနဲ့ လွတ်လပ်စွာ တည်ရှိခွင့် ပေးထားပါတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အမှတ်အသားသရုပ် ပြဿနာနဲ့ လူမျိုးကြီးဝါဒ လွှမ်းမိုးမှုတွေကြောင့် လူမျိုးရေးပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ လူမျိုးရေးလွှမ်းမိုးမှုတွေ မဖြစ်အောင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ရှိကြပါတယ်။
ဖက်ဒရယ်စနစ်မှာ သယံဇာတခွဲဝေမှု ရှိပါတယ်။ ပြည်နယ်အသီးသီးမှာ တည်ရှိနေတဲ့ သယံဇာတတွေကို ဗဟိုအစိုးရတစ်ရပ်တည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ မျှမျှတတ ခွဲဝေသုံးစွဲတဲ့ စနစ်မျိုးကို ဖက်ဒရယ်စနစ်မှာ တွေ့နိုင်ပါတယ်။ သယံဇာတ အရင်းအမြစ်တွေကြောင့် လက်နက်စွဲကိုင်ပြီး သယံဇာတတွေကို လုယူတာ၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာ… စတဲ့ ပြဿနာတွေအတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး အဖြေရှာနိုင်ပါတယ်။
ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာနဲ့ လက်နက်ကိုင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။
မင်းသေ့
ညနေ ၄ နာရီ
၂၆ ၊ နိုဝင်ဘာ၊ ၂၀၂၂