Democracy for Ethnic Minorities Organization

ဒီမိုကရေစီ အခြေခံ သင်ပုန်းကြီး (၁)

Article/ Democracy A to Z by Min Thayt

 ဒီမိုကရေစီလို့ ပြောရင် ဒီမိုကရေစီရဲ့ အနှစ်အသားတွေကို နားလည်မှ ကောင်းမယ်။ ဒီမိုကရေစီရဲ့ အနှစ်အသားတွေက ဘာတွေလဲ။ လွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်အသားဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ပြောရင်၊ လွတ်လပ်စွာ ပြောဆိုခွင့် ၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွဲ ရွေးကောက်ခံပိုင်ခွင့်… စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီမိုကရေစီလို့ ပြောရင် လွတ်လပ်မှုကို အခြေပြုတဲ့ လူသားလွတ်လပ်ခွင့်တွေတင် မဟုတ်ပါဘူး။ တခြားမြောက်မြားစွာသော အနှစ်သာရတွေလည်း ရှိနေပါသေးတယ်။ 

လူထုပါဝင်ခွင့် 

ဒီမိုကရေစီလို့ ပြောရင်၊ လူထုပါဝင်ခွင့်ဆိုတာလည်း ရှိတယ်။ လူထုပါဝင်ခွင့်ဆိုတာ ဘာလဲ။ လူထုပါဝင်ခွင့်ဆိုတာ နိုင်ငံအတွင်းက အရေးအရာအားလုံးကို အလွှာတိုင်းမှာ လူထုဟာ ပါဝင်လုပ်ဆောင်နိုင်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။ လူထုပါဝင်ခွင့်လို့ ပြောတာဟာ လူတစ်စု၊ လူတစ်ဖွဲ့၊ လူတစ်မျိုးတည်းက နိုင်ငံ့ရဲ့ အရေးအရာအားလုံးကို လက်ဝါးကြီးအုပ် လွှမ်းမိုးထားတာကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ လူထုပါဝင်ခြင်းအားဖြင့် လူထုက ထိန်းကျောင်းတဲ့ အုပ်ချုပ်မှုစနစ်ကို ကောင်းစွာ တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပာယ်ကိုယ်၌က ပြည်သူ့အာဏာဖြစ်တယ်။ လူထုအာဏာဖြစ်တယ်။ လူထုလက်ဝယ်မှာ အာဏာရှိဖို့အတွက် လူထုက ဖန်တီးစီရင်တဲ့ အုပ်ချုပ်မှုစနစ်ဖြစ်ရမယ်။ လူထုအလိုကျ တည်ဆောက်ထားတဲ့ အစိုးရစနစ်ဖြစ်ရမယ်။ လူထုသဘောထားကို ကိုယ်စားပြုတဲ့ နိုင်ငံ့ခေါင်းဆောင်မှု ဖြစ်ရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အနှစ်အသားဟာ လွတ်လပ်ခြင်းကိုလည်း အခြေပြုသလို လူထုကိုလည်း အခြေပြုပါတယ်။ 

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ

လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားတဲ့ အသိုင်းအဝိုင်းဆိုတာ ဒီမိုကရေစီ စံတန်ဖိုးတွေကို လေးစားလိုက်နာတဲ့ လူ့အသိုင်းအဝိုင်းမှာပဲ ကောင်းစွာဖြစ်ထွန်းတယ်။ လူထုရဲ့သဘောထားဆန္ဒတွေအတိုင်း အုပ်ချုပ်တဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက်ဆိုရင် လူထုကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေဖြစ်ဖို့ လိုတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းဆိုတဲ့ အခြေခံ စံ နှစ်ရပ် အပေါ်မှာ အခြေခံရတယ်။ လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်မှ / တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲကတွေကနေ လူထုရဲ့ သဘောထားတွေကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ လူထုခေါင်းဆောင်တွေ ထွက်ပေါ်လာပါလိမ့်မယ်။ လူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေဟာ လူထုရဲ့ အကျိုးစီးပွားကို ကြည့်ပါတယ်။ လူတစ်စု၊ လူတစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားထက် လူထုရဲ့ အကျိုးစီးပွားကို အလေးထား ရှေ့ရှုပါတယ်။ ဒီမိုကရေစီလို့ ပြောရင် စစ်မှန်တဲ့ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ကိုယ်စားပြုမှုဆိုတာတွေ ပါဝင်လာတယ်။ စစ်မှန်တဲ့ရွေးကောက်ပွဲတွေကနေ တစ်ဆင့် စစ်မှန်တဲ့ ကိုယ်စားပြုမှုကို ရရှိပြီး စစ်မှန်တဲ့ လူထုခေါင်းဆောင်တွေ ထွက်ပေါ်လာကာ စစ်မှန်တဲ့ လူထုအကျိုးစီးပွားတွေ ဖြစ်ထွန်းလာပါတယ်။ ဒါဟာ ဒီမိုကရေစီ အနှစ်အသားကိုတည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ ကွင်းဆက်ဖြစ်ပါတယ်။ 

ထိန်းကျောင်းမှု / ထိန်းထေမှု 

လူထုပါဝင်ခွင့်ရတဲ့ အုပ်ချုပ်မှုစနစ် / အစိုးရစနစ်ဟာ ထိန်းကျောင်းမှု ရှိတဲ့ အုပ်ချုပ်စီမံမှုစနစ်ဖြစ်လို့ လူထုအကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် မလုပ်နိုင်အောင် တားဆီးပေးပါတယ်။ လူထုပါဝင်မှု မမြင့်တဲ့ အုပ်ချုပ်မှုစနစ်မှာ ငါတကောကောတာမျိုးတွေ ရှိတတ်တယ်။ အုပ်စု တစ်စုက၊ လူတစ်စုက၊ လူတစ်ဖွဲ့ရဲ့ အလိုကျ စိုးမိုးခြယ်လှယ်တာမျိုးတွေ ဖြစ်နေတတ်တယ်။ အထိန်းအထေစနစ် ကင်းမဲ့နေတတ်တယ်။ အထိန်းအထေစနစ် ကင်းမဲ့ခြင်းကို ဒီမိုကရေစီစနစ်က ခွင့်မပြုဘူး။ ဒီမိုကရေစီရဲ့ အနှစ်အသားမှာ ထိန်းကျောင်းမှုစနစ်ပါနေတယ်။ ထိန်းမှုထေမှုဟာ ဒီမိုကရေစီရပ်ဝန်းမှာ စနစ်တကျဖြစ်ထွန်းတယ်။ အစိုးရကို အစိုးရမဏ္ဍိုင်တွင်းမှာလည်း ထိန်းကျောင်းတယ်။ အစိုးရပြင်ပကနေလည်း ထိန်းကျောင်းတယ်။ အစိုးရအဖွဲ့တွင်းက မဟုတ်ဘဲ၊ ပြင်ပကနေ ထိန်းကျောင်းတဲ့ မဏ္ဍိုင်ကို စတုတ္ထမဏ္ဍိုင်လို့ ခေါ်တယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ သတင်းမီဒီယာကို ပြောတာဖြစ်ပါတယ်။ 

သတင်းမီဒီယာ လွတ်လပ်ခွင့် 

ဒီမိုကရေစီ အနှစ်အသားတွေကို ပြောတဲ့အခါ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတာ ပါလာတယ်။ ယခင်တုန်းကတော့ စာ-နယ်-ဇင်း လွတ်လပ်ခွင့်လို့ ပြောပါတယ်။ စာနယ်ဇင်းဆိုတာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆိုတာကို အတိုကောက် ပေါင်းပြီး ခေါ်တာပါ။ ဒီဘက်ခေတ်မှာတော့ ဒစ်ဂျစ်တယ် /အင်တာနက် / အွန်လိုင်း မီဒီယာတွေအားလုံးကို လွှမ်းခုံစေချင်လို့ မီဒီယာလွတ်လပ်ခွင့်လို့ ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ လူထုက သတင်းသိပိုင်ခွင့်၊ အချက်အလက် သိပိုင်ခွင့်ရှိတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေနဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် သတင်းသိပိုင်ခွင့်နဲ့လည်း ဆက်စပ်နေတယ်။ လူထုရဲ့ အကျိုးစီးပွားကို အစဉ်တစိုက် ထမ်းရွက်နေတဲ့ အုပ်ချုပ်မှုစနစ်ဖြစ်အောင် အစိုးရကို ပြင်ပကနေ မဏ္ဍိုင်တစ်ခုအနေနဲ့ ခိုင်ခိုင်ကြည်ကြည် ရပ်တည်ပြီး လူထုရဲ့ အသံတွေကို ဖော်ပြပြီး ထိန်းကျောင်းတာကို သတင်းမီဒီယာတွေက လုပ်ပါတယ်။သတင်းမီဒီယာတွေဟာ လွတ်လွတ်လပ်လပ် ရှိဖို့ လိုပါတယ်။ လူထုရဲ့ အကျိုးစီးပွားကို အခြေခံမူထားပြီး လူထုဆီ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် မျှဝေဖို့ လိုတယ်။ ဒါ့အပြင် လူထုက တကယ်ကြုံတွေ့နေတဲ့ ပြဿနာတွေကို အဂတိကင်းကင်း ဘက်အစွဲကင်းကင်းနဲ့ ဖော်ပြကြရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲသည်လို ဖြစ်ဖို့ဆိုရင် သတင်းမီဒီယာတွေဟာ သတင်းကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်ကို ဘယ်လောက် လိုက်နာစောင့်ထိန်းသလဲဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ 

လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် 

ဒီမိုကရေစီရဲ့ အခြေခံ အနှစ်အသားထဲမှာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ပါရှိတယ်။ ဒါဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဆိုလိုသလို၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်တွေလည်း ပါဝင်နေပါတယ်။ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ဆိုတာဟာ အချက်အလက်အမှန်ကို သိဖို့ကို ညွှန်းဆိုပါတယ်။ လွတ်လပ်စွာ ဝေဖန်ဆန်းစစ်ခွင့်၊ လွတ်လပ်စွာ လေ့လာခွင့်၊ လွတ်လပ်စွာ သင်ယူဆွေးနွေးခွင့် ဆိုတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါပေမယ့် ကိုယ်ပြောတာ၊ ကိုယ်ရေးတာ၊ ကိုယ်ဖော်ထုတ်တာတွေအတွက် တာဝန်ယူမှု / တာဝန်ခံမှုတွေလည်း ယှဉ်တွဲပါဝင်နေရပါလိမ့်မယ်။ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်လို့ ပြောပေမယ့် ကိုယ်ရေးတာ ကိုယ်ဖော်ထုတ်တာကို ကိုယ်တာဝန်မယူရင် ဒီမိုကရေစီ အနှစ်အသားကို ဖျက်ဆီးတာနဲ့ အတူတူပါပဲ။ ဒါကို သတိချပ်ပြီး တာဝန်ယူမှု / တာဝန်ခံမှုကိုလည်း ချဲ့ထွင်ကြမှသာ အာမခံချက်ရှိတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး အပြုဘက်ကို တိုးတက်တဲ့ ဒီမိုကရေစီ ရပ်ဝန်းဖြစ်ပါလိမ့်မယ်။ 

တာဝန်ယူမှု / တာဝန်ခံမှု 

ဒီမိုကရေစီမှာ လွတ်လပ်ခြင်းကို အဓိက ဇောင်းပေးပြောပါတယ်။ လွတ်လပ်ခွင့်တွေနဲ့ အတူ ယှဉ်တွဲဖြစ်တည်ရမှာကတော့ တာဝန်ယူမှု / တာဝန်ခံမှုပဲဖြစ်ပါတယ်။ လွတ်လပ်စွာ လုပ်ခွင့်၊ ပြောခွင့်၊ ပြုမှုလုပ်ဆောင်ချက်တွေမှာ တာဝန်ယူမှု တာဝန်ခံမှု ပါမလာဘူးဆိုရင် တရားမျှတမှုကလည်း လိုက်ပါမလာနိုင်ဘူး။ ဒီမိုကရေစီမှာ တရားဥပဒေစိုးမှုမှု ကိစ္စကို ပြောဆိုပါတယ်။ တရားဥပဒေစိုးမိုးမှုကို နောက်ကွယ်ကနေ အပံ့အပိုးပြုတာက တာဝန်ယူမှု တာဝန်ခံမှု ဖြစ်ပါတယ်။ လွတ်လပ်ခွင့်နဲ့အတူ တရားဥပဒေစိုးမိုးဖို့အတွက် တာဝန်ယူမှု / တာဝန်ခံမှုဟာ ယှဉ်တွဲဖြစ်တည်ရပါလိမ့်မယ်။ ဒီမိုကရေစီ အခြေခံ အနှစ်အသားတွေကို ပြောတဲ့အခါ တာဝန်ယူမှု / တာဝန်ခံမှုကိစ္စဟာ မဖြစ်မနေ ပြောရတဲ့ အချက်ပါပဲ။ ဒါကို ဖယ်ရှားပြီး မပြောသင့် မလုပ်သင့်ပါဘူး။ လွတ်လပ်ခွင့်တွေနဲ့အတူ ဘေးထွက်ဆိုးကျိုးနည်းတဲ့ လူသားလွတ်လပ်ခွင့်တွေ ဖြစ်ထွန်းဖို့ လူတစ်ဦးချင်းစီမှာသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွင်းမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ကောင်းစွာ ဖြစ်ထွန်းဖို့ အထူး လိုအပ်ပါတယ်။ 

မင်းသေ့ 

၁ ၊ နိုဝင်ဘာ ၊ ၂၀၂၂။ 

Facebook Comments

Posted

in

by

Tags:

USAMyanmar