Search
Close this search box.

ရန်သူ – မိတ်ဆွေ အမြင် 

လက်ဝဲဩဇာ သိပ်လွှမ်းမိုးတဲ့ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ၊ “ရန်/ငါ စည်း” ပြတ်ရမယ် ဆိုတဲ့ အယူအဆလွှမ်းမိုးတာတွေ့ရပါတယ်။ နိုင်ငံရေးအရ တစ်စုံတစ်ရာ တည်တည်ငြိမ်ငြိမ်ဖြစ်ခဲ့တယ်ဆိုတဲ့ကာလမှာတောင် “ရန်/ငါ စည်း” ပြတ်ပြတ်သားသားဖြစ်ဖို့တိုက်တွန်းလှုံ့ဆော်ပြောဆိုတာတွေကို ခပ်များများ တွေ့ခဲ့ရပါတယ်။ ဒီအယူအဆတွေကြောင့်၊ “ရန်သူ့ဘက် – ငါတို့ဘက်” ဆိုပြီးရှင်းရှင်းလင်းလင်း ခွဲခြားနိုင်တာတွေ ရှိခဲ့ပေမယ့်၊ မြန်မာ့နိုင်ငံရေးပြဿနာတွေကတော့ တိုးလို့တန်းလန်း ဖြစ်နေဆဲပါပဲ။ 

ဖြစ်ပျက်နေကျ နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ရင်၊ ပြဿနာတွေဟာ အကင်းမသေ သလို၊ အနာဟောင်းတွေကလည်း မကျက်ပါ။ဒဏ်ရာဟောင်းတွေဟာ ထရော်မာတွေအဖြစ် ကျန်ရှိနေခဲ့ပြီး၊ အငြိုးအတေးတွေဟာ ပြဿနာအသစ်ကို ဖန်တီးခဲ့တာတွေ့ရပါတယ်။ 

ရန်သူ စစ်စစ် / မိတ်ဆွေ စစ်စစ် 

ဒီဘက်ခေတ်မှာတော့ – ကဗျာဆရာ မောင်ချောနွယ် (၁၉၄၉ – ၂၀၀၂) ရဲ့ ကဗျာကရတဲ့လောကအမြင်ကို မြန်မာလူထုက ခဏခဏ ကောက်နုတ်သုံးစွဲကြပါတယ်။ မောင်ချောနွယ်က ကဗျာအားဖြင့် ဘာပြောခဲ့သလဲ။ 

  • ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး။ နှစ်ခုပဲ။ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်။ ဒီနှစ်ခုပဲ။ 

ဒီနေရာမှာ မောင်ချောနွယ်က ချစ်သူစစ်စစ်လို့ သုံးနှုန်းပေမယ့်၊ ကျနော်က မိတ်ဆွေစစ်စစ်လို့ ညွှန်းဆိုချင်ပါတယ်။ လူအတော်များများဟာ စိတ်ထဲမှာ ရှင်းနေ လင်းနေတာကို မြင်ချင်တယ်။ ရှုပ်နေထွေးနေတာကို မကြိုက်ဘူး။ အထူးသဖြင့် ကိုယ့်ကို အာရုံများအောင် လုပ်နေတာကို သဘောမကျဘူး။ ရန်သူ – မိတ်‌ဆွေ ကွဲပြားမှသာလျှင်၊ ပြတ်ပြတ်သားသား မြင်နိုင်မယ်လို့ ထင်တယ်။တကယ်တော့ နိုင်ငံရေးဖြစ်စဉ်တိုင်းဟာ ပြတ်ပြတ်သားသား ဖြစ်ဖို့ ခက်တယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဇာတ်ကြောင်းတွေကိုကြည့်ရင် အီနေတာနဲ့ မျောနေတာပဲ များတယ်။ ပြတ်ပြတ်သားသား မဖြစ်ဘူး။ အကြောင်းကတော့ နိုင်ငံရေးထဲက အကျိုးစီးပွားအထိုင်တွေရဲ့ သဘော သဘာဝကြောင့် ဖြစ်တယ်။ 

ထာဝရ အကျိုးစီးပွား အထိုင် 

ဒဿနဆရာ ဟီးဂဲလ် (၁၇၇၀ – ၁၈၃၁) ပြောတဲ့ အယူအဆမှာ — 

ထာဝရရန်သူ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး ၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်– ဆိုတဲ့ အယူအဆရှိပါတယ်။ တကယ်တော့ ဒါဟာ လက်တွေ့နိုင်ငံရေးကို ပကတိအားဖြင့် ထင်ဟပ်နေပါတယ်။ နိုင်ငံရေးကိစ္စအားလုံးဟာ အကျိုးစီးပွားအပေါ်မှာ အခြေခံကြတယ်။ ရန်သူ – မိတ်ဆွေ ဆိုတာတွေဟာ အကျိုးစီးပွား အရွေ့အပြောင်းတွေအပေါ်မှာ မူတည်ပြီး၊ ပြောင်းလဲနေပါတယ်။သို့သော်လည်း လူထုနိုင်ငံရေးမှာ နိုင်ငံရေးအရ သကာအုပ်ထားတာတွေနဲ့ လူထုရဲ့ သဘောထားတွေကို ပုံသွင်းတာ၊ ပုံဖော်တာမျိုးတွေ လုပ်ပါတယ်။ အဲသည့်အခါမှာ — နိုင်ငံရေးဟာ တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်လာတော့တာပါပဲ။ 

မမှား … သို့သော်… မမှန် 

လူထုနိုင်ငံရေးမှာ ပေါ်ပင် ဖြစ်တာ – ဖန်စီ ဖြစ်တာတွေကို ကြည့်ရင် “နှုန်းစံ – တန်ဖိုး” တွေဟာ လူထုကြားထဲမှာထွေးရောယှက်တင်ဖြစ်နေတာကို တွေ့ရပါတယ်။ နှုန်းစံတွေကို တဖွဖွ ပြောဆိုနေသူတွေဟာ နှုန်းစံတန်ဖိုးတွေကို တကယ်ယုံကြည်သက်ဝင်သလား၊ ယုံကြည်သက်ဝင်မှု မရှိဘူးလားဆိုတာကို ဆန်းစစ်ဖို့ မေ့နေကြပါတယ်။ လူထုနိုင်ငံရေးမှာ နှုန်းစံတန်ဖိုးတွေသာ ရှေ့ရောက်ပြီး၊ လက်တွေ့နိုင်ငံရေးမှာတော့ အကျိုးစီးပွားကသာလျှင် ရှေ့ရောက်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပူးတုံခွာတုံ ရှိနေတတ်ပါတယ်။ အကျိုးစီးပွားနဲ့ နှုန်းစံတန်ဖိုးတွေအကြားမှာ သို့လော သို့လောတွေ ဖြစ်လာရပါတယ်။ အဲသည့်အခါနိုင်ငံရေးလုပ်ရပ်တွေဟာ “မမှား….၊ သို့သော် … မမှန်” ဆိုတာတွေ ခပ်များများ တွေ့လာရပါတယ်။ 

အပြောနဲ့ အလုပ် 

တခါတရံ နိုင်ငံရေးဟာ – အကျိုးစီးပွားတွေအတွက် နှုန်းစံတန်ဖိုးတွေကို သကာအုပ်ပြီး ဟောပြောနေကြသလားလို့ ထင်မှတ်စရာဖြစ်လာပါတယ်။ နိုင်ငံရေးအပေါ်မှာ သံသယရှိသူတွေ ပိုများလာရခြင်းအကြောင်းက — အပြောနဲ့ လက်တွေ့တွေဟာ ကင်းကွာနေလို့ ဖြစ်ပါတယ်။ လူထုနိုင်ငံရေးမှာ လူထုပါဝင်မှုများများ ရဖို့ တောင်းဆိုကြတာ ရှိပါတယ်။ ဒီမိုကရေစီ အခင်းအကျင်း ခိုင်မာဖြစ်ထွန်းတဲ့ နိုင်ငံတွေမှာ — အများဆိုင်ရာကိစ္စတွေထဲ လူထုရဲ့ ပါဝင်ပတ်သက်မှုက မြင့်မြင့်မားမား ရှိနေပါတယ်။ ဒါပေမယ့်ခန့်မှန်းရခက်ပြီး ရှုပ်ထွေးတဲ့၊ ပြုလွယ်ပြောင်းလွယ် သိပ်အားကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ – လူထုဟာ နိုင်ငံရေးသမားတွေရဲ့လှည့်ကွက်ထဲမှာ မျောနေတာမျိုး ဖြစ်တတ်ပါတယ်။ 

ရန် / ငါ စည်းတွေ ရောထွေး

လူထုနိုင်ငံရေးကွင်းပြင်မှာ – လူထုဟာ ရန်သူ စစ်စစ် ၊ မိတ်ဆွေ စစ်စစ် လို့ ပြောပေမယ့် နိုင်ငံရေးကန့်လန့်ကာနောက်ကနိုင်ငံရေးသမားနဲ့ ပါဝါဇာတ်ကောင်တွေအကြားမှာ ရန် / ငါ စည်းတွေ ရောထွေးနေတာကို တွေ့ရပါတယ်။ ဒါကို လူထုက သိပါသလား။ ဒါကို လူထုက သိပါသလား။ 

တကယ်တော့ ဒါကို လူထုက မသိပါ။ လူထုမသိအောင် အမျိုးမျိုးသော လော်ဘီ – ဆော်ဘီတွေနဲ့ သတင်းမီဒီယာအမျိုးမျိုးကဝါဒဖြန့်ချိရေးပုံစံအမျိုးမျိုးနဲ့ လူထုကို မှိုင်းတိုက်ထားတာတွေ ရှိပါတယ်။ နိုင်ငံရေး အခက်အခဲ၊ နိုင်ငံရေးအကျပ်အတည်းကြားထဲမှာ လူထုဟာ ဘယ်လောက်ပဲ ရန်သူ မိတ်ဆွေကို ကွဲပြားချင်ကြပါစေ၊ တကယ့်လက်တွေ့နိုင်ငံရေးမှာတော့ ရန်သူ မိတ်ဆွေတွေဟာ ထွေးရောယှက်တင်ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ ဒီလူဟာ ရန်သူ ဖြစ်နေတတ်ပြီး၊ အခြေအနေပြောင်းသွားတဲ့အခါ ဒီလူကိုယ်၌ကပဲ ကိုယ့်ရဲ့ မိတ်ဆွေ ပြန်ဖြစ်လာတတ်ပါတယ်။ အကဲဆတ်လှတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ၊ ဒီနေ့ မိတ်ဆွေဖြစ်နေပေမယ့်မနက်ဖြန် ရန်သူလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒီသဘောအနက်ကို သိပ်နားမလည်တဲ့ လူထုနိုင်ငံရေးမှာ အဖြူ – အမည်းခွဲခြားမှု အားကြီးတဲ့ နိုင်ငံရေးဖြစ်ထွန်းပါတယ်။ 

ပေါ်ပြူလစ်ဇင်နဲ့ မှိုင်းတိုက် 

တခါတရံ လူပိန်းကြိုက် / ပေါ်ပြူလာနိုင်ငံရေးသမားတွေရဲ့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းမှုတွေနဲ့ လူထုဟာ နိုင်ငံရေးသံသရာရေလျင်ကြောမှာ မျောပါနေတတ်ပြန်ပါတယ်။ လူထုအကြားမှာ ပြောဆိုနေကြတဲ့ နိုင်ငံရေးနှုန်းစံတွေဟာ နိုင်ငံရေးသမားတွေကဖန်တီးတဲ့ သကာအုပ်ထားတဲ့ အဆိပ်တွေလည်း ဖြစ်နေတတ်တယ်။ အများသဘောလုပ်ကြရင် အမှားပေါတာ များပါတယ်။ လူထုရဲ့ ဆင်ခြင်တုံတရားကို မမြှင့်ဘဲ၊ လူထုရဲ့ အခန်းကဏ္ဍကို ထိုးတင်ပြီး နိုင်ငံရေးကစားတာဟာ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေလုပ်လေ့လုပ်ထရှိတဲ့ သဘာဝဖြစ်ပါတယ်။ လူထုသာလျှင် အခရာ— ဆိုတဲ့ အလွန်အမင်း ယေဘုယျကျတဲ့ စကားတွေကို လူပိန်းကြိုက် ပြောဟောတတ်ကြပါတယ်။ လူထုက ခေါင်းဆောင်တာ…. လူထုက ဦးဆောင်တာ… ဆိုတဲ့ ယေဘုယျ ပြောဆိုချက်တွေနဲ့လူထုထောက်ခံမှု ရအောင် လုပ်နေတတ်ပါတယ်။ တကယ်တော့ လူထုဆိုတာဟာ သဘောတရားသက်သက်မျှသာဖြစ်ပြီးနိုင်ငံရေးဆုံးဖြတ်ချက်တွေကို လူထုက တိုက်ရိုက် ချမှတ်လို့ မရနိုင်ဘူး။ ပါဝါကော်ရစ်ဒါပေးမှာ ရှိနေတဲ့ နိုင်ငံရေးသမားတွေနဲ့ပါဝါဇာတ်ကောင်တွေကသာလျှင် ၊ လူထုရဲ့ ကိုယ်စားပြုမှုကို ရအောင် ယူပြီး လိုသလို ခြယ်လှယ်ကြတာဖြစ်ပါတယ်။ 

ပေါ်ပင် – ရေတို – ဖန်စီ 

သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား မောင်စူးစမ်း (၁၉၂၇ – ၂၀၁၇) ရေးတဲ့  – “ဆင်ဆိုသည်မှာနှင့် နိုင်ငံရေးခေါင်းဆောင်” ဆိုတဲ့ ဆောင်းပါးပါ ကောက်နုတ်ချက် တချို့က အခုလို။ 

  • ခေတ်ပြိုင်နိုင်ငံရေးသမိုင်းတွင် ခေါင်းဆောင်တို့သည် ဗီဇစိတ် Instinct နှင့် သူသိ၊ ငါသိ၊ အများသိစိတ် common sense တို့ဖြင့် ဆောင်ရွက်ကြတာများသည်။ လေးနက်သော စိစစ်သုံးသပ်ချက် analysis တို့ဖြင့် ဆောင်ရွက်ခြင်းနည်းသည်တစ်ခါတစ်ရံ လေးနက်သော သုံးသပ်မှုဖြင့် ဆောင်ရွက်သည်ဟု ထင်စရာပေါ်သည်။ နိုင်ငံရေး သိပ္ပံပညာရှင်တို့၏ အဆိုအရ လေးနက်သော စိစစ်မှုဖြင့် ဆောင်ရွက်သည်ဟု ထင်ရသော ပေါ်လစီသည် စင်စစ်အားဖြင့် ဗီဇစိတ်ကို ကျိုးကြောင်းဆီလျှော်အောင် Rationalization of Instinct သာဖြစ်သည်။ ဗီဇကို ယုတ္တိဖော်ခြင်းဟု ပြောနိုင်သည်။ 
  • မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်အစိုးရခေါင်းဆောင်တို့သည် အများသိရုံ သိစိတ်၊ ဗီဇစိတ်အပြင် တစ်ရေးနိုးလို့ ပေါ်သောအကြံ Whims တို့ဖြင့်လည်း ဆောင်ရွက်တတ်ကြသည်။ လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် စိစစ်မှုနှင့်သုတေသနပြုမှုတို့ကို အခြေခံကြသည် မဟုတ်ပေ။ နိုင်ငံရေးခေါင်းဆောင်တို့သည် စိစစ်သုံးသပ်မှုအပိုင်း၌ အလွန်အားနည်းသည်။ ပေါ်ပင် ရေတို ဖန်စီ ကြည့်ပြီး နိုင်ငံရေးလုပ်ကြသည်။ 

မြန်မာ့နိုင်ငံရေးအတွင်းက ပါဝါဇာတ်ကောင်တွေဟာ တစ်ရေးနိုးသော် အကြံပေါ် ဆိုတဲ့ အသိလောက်နဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချနေတတ်ပါတယ်။ နိုင်ငံရေးသမားတွေကလည်း လူထုအကြား ရေပန်းစားတဲ့ ပေါ်ပင်ကိစ္စတွေကိုပဲ တွေးဆပြီး ခပ်ပေါ့ပေါ့စဉ်းစားဆုံးဖြတ်လေ့ရှိပါတယ်။ ရေတိုကိုသာ ကြည့်တယ်။ ရေရှည်ကို အောင့်အီးသည်းခံပြီး ဆုံးဖြတ်လုပ်ကိုင်တာမျိုး မရှိတတ်ပါ။ ဒီအကျိုးဆက်တွေဟာ မြန်မာ့နိုင်ငံရေး ဇာတ်ကြောင်းမှာ — လိုသည်ထက်ပိုတဲ့ ဒုက္ခတွေ အမြောက်အမြား ဝင်လာခဲ့ခြင်းအကျိုးဆက်ဖြစ်ပါတယ်။ 

ပါဝါအထိုင်နဲ့ အကျိုးစီးပွား အထိုင်

ရန် / ငါ စည်းပြတ်အောင် ကြည့်မယ်ဆိုတဲ့ လူထုနိုင်ငံရေးနဲ့ အကျိုးစီးပွားအထိုင်ပေါ်က ကစားနေတဲ့ နိုင်ငံရေးသမားတွေအကြားမှာ၊ လူပိန်းကြိုက်ဝါဒ ဖြစ်ထွန်းပြီး တစ်ရေးနိုးမှာ ပေါ်တဲ့ အကြံနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ချနေကြတာတွေ့ရပါတယ်။လူထုရဲ့ ဒုက္ခဟာ မသေးပါ။ လူထုရဲ့ အရေးအရာတွေကို တွက်ဆပြီး နိုင်ငံရေးလုပ်တယ်ဆိုတာထက် ပါဝါအထိုင်နဲ့ ကိုယ့်ရဲ့အရေးပါ အရာရောက်မှု အခန်းကဏ္ဍကို မြှင့်ဖို့ ချဲ့ ဖို့သာ ကြိုးစားနေကြတာဖြစ်ပါတယ်။ လက်တွေ့ဆုံးဖြတ်ချက်တွေဟာ — အကျိုးစီးပွားအပေါ်မှာပဲ မှီတည်နေပါတယ်။ လူထုကိုယ်၌ကတော့ ရန်သူ မိတ်ဆွေ အပေါ်မှာ ခံစားချက် ပြင်းထန်နေပါတယ်။နိုင်ငံရေးမှာ အသည်းကွဲရတယ်ဆိုတာဟာ — ကိုယ်ယုံမှတ်လက်ခံထားတာတွေကို၊ သစ္စာဖောက်ခံရတာတွေရှိခဲ့လို့ ဖြစ်တယ်။ 

ရန်သူ နဲ့ မိတ်ဆွေတွေဟာ အကျိုးစီးပွားအထိုင်အပေါ်မှာ ရွေ့နေတတ်တယ်၊ ပြောင်းနေတတ်တယ်ဆိုတာကို သတိရှိကြဖို့ ဖြစ်ပါတယ်။ ကျောက်ချထားတဲ့အမြင်မှာ စွဲထိုင်ထားပြီး ရန်သူ မိတ်ဆွေ အမြင်အပေါ် ခံစားချက်ကြီးကြီးနဲ့ ရှုမြင်တဲ့အခါမှာ — နိုင်ငံရေး အလိုမကျမှုတွေ၊ အားမလိုအားမရဖြစ်ခြင်းတွေ အလွန်အမင်း ပေါ်ပေါက်လာနိုင်ပါတယ်။ နှလုံးသားနဲ့ နိုင်ငံရေး လုပ်သူတွေအကြား၊ အကျိုးစီးပွားနဲ့ နိုင်ငံရေးလုပ်နေသူတွေ ရောယှက်နေခြင်းကို သတိရှိကြဖို့ ရေးသားတင်ပြလိုက်ရပါတယ်။ 

မင်းသေ့ 

နံနက် ၁၀း၃၄ ၁၄ ၊ နိုဝင်ဘာ၊ ၂၀၂၂။

Share

Facebook Comments