Search
Close this search box.

ဒီမိုကရေစီ အခြေခံ သင်ပုန်းကြီး (၂)

ဒီမိုကရေစီရဲ့ အခြေခံ အနှစ်အသားထဲမှာ အာဏာခွဲဝေပိုင်းခြားထားခြင်း ဆိုတဲ့ အချက်ပါဝင်တယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို ထိပ်ပိုင်းကနေ ဦးဆောင်ပြီး စီမံတဲ့ အာဏာမဏ္ဍိုင် (၃) ရပ် ရှိပါတယ်။ ဒါကို (၁) အုပ်ချုပ်ရေးအာဏာ၊ (၂) ဥပဒေပြုရေးအာဏာ နဲ့ (၃) တရားစီရင်ရေး အာဏာဆိုပြီး အပိုင်း (၃) ပိုင်းခွဲခြားထားပါတယ်။ 

အာဏာခွဲဝေပိုင်းခြားခြင်း 

အာဏာမဏ္ဍိုင် (၃) ရပ်ကို ဘာ့ကြောင့် တစ်ခုတည်း / တစ်ပေါင်းတည်း မထားဘဲ ဘာလို့ ခွဲထားသလဲ။ အကြောင်းကတော့ထိန်းကျောင်းမှုစနစ်ကို ပီပြင်ရှင်သန်စေချင်လို့ဖြစ်ပါတယ်။ အာဏာဆိုတာကို လူတွေက ဆုပ်ကိုင်ကျင့်သုံးတာဖြစ်ပါတယ်။ လူဆိုတာ ဖောက်ပြန်တတ်တယ်။ ဘယ်လောက်ပဲ ကိုယ်ကျင့်တရားကောင်းတယ်ပဲ ပြောပြော၊ ဘယ်လောက်ပဲ ပညာတတ်တယ်ပြောပြော၊ ဘယ်လောက်ပဲ သမာဓိရှိတယ်ပြောပြော လူဆိုတာ မှားတတ်ယွင်းတတ်ပါတယ်။ အများဆိုင်ရာကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကိုင်ပြီး သုံးတဲ့အခါမှာ အာဏာအလွဲသုံးစား လုပ်တာမျိုးတွေ ရှိနေတတ်တယ်။ ဒါ့ကြောင့် အာဏာဆိုတာကို တစ်ဦးတည်း၊တစ်ယောက်တည်း၊ တစ်စုတည်း၊ တစ်ဖွဲ့တည်းမှာတင် ပုံအပ်မထားဘဲနဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ 

ဒီမိုကရေစီစနစ်မှာ အာဏာခွဲဝေကျင့်သုံးခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ မဏ္ဍိုင် တစ်ရပ်နဲ့ တစ်ရပ် ထိန်းကျောင်းမောင်းနှင်ရင်း လူ့အဖွဲ့အစည်း ကောင်းကျိုးတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်မှာအုပ်ချုပ်ရေးအာဏာကို သီးခြားထားတယ်။ ဥပဒေပြုရေးအာဏာကို သီးခြားထားတယ်။ ဥပဒေပြုသူနဲ့ ဥပဒေကို ကိုင်တွယ်ပြီးသုံးစွဲသူတွေဟာ တစ်စုတည်း တစ်ဖွဲ့တည်း ဖြစ်နေရင် သူတို့ အလိုကျ လိုသလို ခြယ်လှယ်နိုင်တယ်။ ဒါ့ကြောင့်တစ်ယောက်တည်း တစ်ဖွဲ့တည်းက လက်ဝါးကြီး မအုပ်နိုင်အောင် အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့စနစ်ကို အသက်သွင်းထားခြင်းဖြစ်ပါတယ်။

အာဏာရှင်စနစ်မှာ လူတစ်ဦး၊ လူတစ်ယောက်၊ လူတစ်ဖွဲ့တည်းကပဲ အာဏာအားလုံးကို ပေါင်းရုံး သိမ်းကြုံးပြီး ဆုပ်ကိုင်ထားလို့ငါတကောကောတာ၊ တဇွတ်ထိုး၊ တဇောက်ကန်းလုပ်ဆောင်တာမျိုးအပြင် အကျင့်ပျက် /ခြစား / ဖောက်ပြန်တဲ့ အကျင့်တွေကိုထိန်းကျောင်းလို့ ကန့်သတ်ဖို့ မလွယ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို ခွဲခြားကျင့်သုံးလို့ ထိန်းကျောင်းမှုစနစ်လည်း ပီပြင်နေပါတယ်။ ဒါဟာ လူထုကို ခေါင်းပုံဖြတ် / ဗိုလ်ကျ / လွှမ်းမိုး / ခြယ်လှယ်တာမျိုးတွေ မလုပ်နိုင်အောင် ကန့်သတ်ထိန်းချုပ်ထားတဲ့ စနစ်မျိုးဖြစ်တယ်လို့ နားလည်ပါ။ 

မဲပေးခွင့် 

ဒီမိုကရေစီ စနစ်မှာ မဲပေးခွင့်ကို အခြေခံ နှုန်းစံတချို့နဲ့ အကဲဖြတ်ပါတယ်။ (၁) လူတိုင်း မဲပေးခွင့်၊ (၂) မဲတစ်မဲ – တန်ဖိုးတစ်ခု နဲ့  (၃) လျှို့ဝှက်မဲပေးခြင်း တို့ ဖြစ်ပါတယ်။ ဒီအချက် (၃) ချက်ဟာ အင်မတန် အရေးကြီးပါတယ်။ 

မဲပေးခွင့်ကို အမျိုးမျိုး ကန့်သတ်ခံရတတ်ပါတယ်။ 

  • အသားအရောင် ကွဲပြားလို့ မဲပေးခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်။ 
  • ကိုးကွယ်ယုံကြည်မှု မတူတဲ့ ဘာသာရေးကြောင့် မဲပေးခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်။ 
  • လူနည်းစုဖြစ်လို့ မဲပေးခွင့် မရတာတွေ ရှိတယ်။ 
  • လိင်စိတ်ကွဲပြားလို့ မဲပေးခွင့်မရတာတွေ ရှိတယ်။ 
  • ကိုယ်လက်အင်္ဂါချို့ယွင်းနေလို့ မဲပေးခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်။ 
  • ပညာအရည်အချင်းနိမ့်လို့ မဲပေးခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်။ 
  • ဆင်းရဲလို့ ငွေကြေး (ဝင်ငွေ) ကို အကြောင်းပြုပြီး မဲပေးခွင့် ကန့်သတ်တာတွေ ရှိတယ်။ 
  • နေထိုင်တဲ့ ဒေသကို အကြောင်းပြုပြီး မဲပေးခွင့်တွေ ကန့်သတ်ခံရတတ်သေးတယ်။ 
  • လူမျိုးမတူလို့ မဲပေးခွင့်ကန့်သတ်ခံရတာတွေ ရှိနေသေးတယ်။ 
  • အသက်အရွယ်ကို အကြောင်းပြုပြီး မဲပေးခွင့် ကန့်သတ်တာတွေ ရှိတယ်။  
  • တခြားသော အကြောင်းပြချက် တစ်ခုခုနဲ့ အမျိုးမျိုး ဆင်ခြေပေးပြီး မဲပေးခွင့်တွေ ကန့်သတ်ခံရတတ်သေးတယ်။ 

နိုင်ငံရဲ့ တရားမျှတသောဥပဒေ​တွေက ချမှတ်ပြဋ္ဌာန်းတဲ့ မဲပေးခွင့် ဥပဒေတွေဟာ အရွယ်ရောက်ပြီးသူ လူတိုင်းဟာ နိုင်ငံ့အရေးအရာတွေကို ဆန္ဒမဲပေးပြီး သဘောထားဖော်ထုတ်ခြင်းမှာ ပါဝင်ခွင့် ရှိပါတယ်။ အရွယ်ရောက်တယ်၊ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မဲပေးခွင့်ကို ပိတ်ပင်တားဆီးထားတာမျိုး မလုပ်သင့်ပါဘူး။ 

လူမျိုးမတူလို့၊ 

ဘာသာမတူလို့၊ 

ဆင်းရဲလို့၊ 

ပညာမတတ်လို့၊ 

နယ်စွန်နယ်ဖျားမှာ နေလို့၊ 

အသားအရောင်ကွဲလို့၊ 

လိင်စိတ်ခံယူမှုမတူလို့၊ 

စတဲ့ မည်သို့သော အကြောင်းပြချက်နဲ့မှ အရွယ်ရောက်တဲ့နိုင်ငံသားတွေရဲ့ မဲပေးခွင့်ကို ပိတ်ပင်လို့ မရပါဘူး။ 

ဒီမိုကရေစီစနစ် အခြေခိုင်ရင် ဒီလို အကြောင်းပြချက် အမျိုးမျိုးပေးပြီး နိုင်ငံသားတွေရဲ့ မဲပေးခွင့်ကို ကန့်သတ်ပိတ်ပင်ခံရတတ်ပါတယ်။ အာဏာရှင်စနစ်မှာဆိုရင် မဲပေးခွင့်ဆိုတာ အိပ်မက်တောင် မက်ခွင့်ရမှာ မဟုတ်ပါ။ 

ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတွေရဲ့ မဲပေးခြင်းမှာ တန်ဖိုးတွေ အားလုံး တူညီပါတယ်။ လူတစ်ကိုယ် မဲတစ်မဲ တန်ဖိုးတစ်ခု ဖြစ်ပါတယ်။ ရာထူးကြီးတဲ့ အရာရှိပြည်သူတစ်ယောက်ရဲ့ မဲက ရာထူးမဲ့ အောက်ခြေနင်းပြားတစ်ယောက်ရဲ့ မဲနဲ့ တန်ဖိုးချင်းအတူတူပဲဖြစ်ပါတယ်။ လူချမ်းသာပြည်သူတစ်ယောက်ရဲ့ မဲတစ်မဲကလည်း လူဆင်းရဲ ပြည်သူတစ်ယောက်ရဲ့ မဲတစ်မဲနဲ့ တန်ဖိုးချင်းအတူတူပဲ ဖြစ်ပါတယ်။ ဒါကို လူတစ်ကိုယ် မဲတစ်မဲ တန်ဖိုးတစ်ခု လို့ ပြောတာဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးခြင်းကိစ္စကို လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးပါတယ်။ ပြည်သူလူထုတစ်ယောက်ချင်းစီဟာ ကိုယ့်ရဲ့ သဘောထားဆန္ဒကို လွတ်လွတ်လပ်လပ်နဲ့ လုံခြုံမှုရှိရှိဖော်ပြနိုင်ဖို့အတွက် ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးပါတယ်။ 

ဒီမိုကရေစီရဲ့ အနှစ်အသားတွေထဲမှာ မဲပေးခြင်းနဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နှုန်းစံတန်ဖိုးတွေ ရှိထားပြီးဖြစ်ပါတယ်။ 

လွတ်လပ်စွာ စည်းဝေးစုရုံးခွင့် 

ဒီမိုကရေစီ အနှစ်အသားတွေထဲမှာ လွတ်လပ်စွာ စည်းဝေးစုရုံးခွင့်ဟာ အရေးကြီးတဲ့အချက် တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။ဒီမိုကရေစီဆိုတာ ပြည်သူ့အုပ်ချုပ်ရေးဖြစ်ပါတယ်။ လူထုအာဏာလို့လည်း အနက်အဓိပ္ပာယ်ထွက်ပါတယ်။ အများရဲ့သဘောထားဆန္ဒနဲ့အညီ တိုင်းရေးပြည်ရေးကို စီမံခန့်ခွဲခြင်းဟာ ဒီမိုကရေစီဖြစ်ပါတယ်။ အများဆိုင်ရာကိစ္စရပ်တွေကို လူတစ်ဦး၊လူတစ်စု၊ လူတစ်ဖွဲ့တည်းကပဲ ခြယ်လှယ်တာမျိုးကို ဒီမိုကရေစီက လက်မခံပါ။ အများဆိုင်ရာကိစ္စရပ်တွေကို လူအများ စုဝေးတိုင်ပင် ဆွေးနွေးညှိနှိုင်းပြီး စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး အများဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် လူအများရဲ့ စုဝေးခွင့်ကို လွတ်လပ်စွာ ရှိစေရပါတယ်။ လူအများရဲ့ လွတ်လပ်စွာ စုဝေးခွင့်ဟာ ဒီမိုကရေစီကျင့်ထုံးမှာအလွန်အရေးကြီးပါတယ်။ အများရဲ့ သဘောဆန္ဒတွေကို လူအများက စုဝေးပြီး ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်၊ ထို့နောက်အများသဘောတူ ဆုံးဖြတ်ချက်ချကြပါတယ်။ လူအများစုကြီးရဲ့သဘောထားကို ဒီမိုကရေစီက လျစ်လျှူမရှုပါဘူး။ ထိုနည်းတူစွာ – လူအနည်းစုရဲ့ သဘောထားတွေကိုလည်း မျက်ကွယ်ပြုတာမျိုး မလုပ်ပါဘူး။ လူနည်းစု အခွင့်အရေးတွေကို လေးစားခြင်းဟာ လစ်ဘရယ်ဒီမိုကရေစီမှာ အဓိက အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ 

အများဆိုင်ရာကိစ္စရပ်တွေကို လူအများက စုပေါင်း ဆွေးနွေးညှိနှိုင်းပြီး အများသဘောတူ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်လွတ်လပ်စွာ စည်းဝေးစုရုံးခွင့်ဟာ အရေးကြီးတဲ့အချက် တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။ 

မင်းသေ့ 

၁ ၊ နိုဝင်ဘာ၊ ၂၀၂၂။

Share

Facebook Comments